Gallstones (သည်းခြေအိတ်ကျောက်တည်ခြင်း)
27-Oct-2016
သည်းခြေအိတ်အတွင်းတွင် သည်းခြေအရည်အတွင်းမှပါသော အဆီ ကိုလက်စရော (Cholesterol) သို့မဟုတ် ရောင်ခြယ်ပစ္စည်း (Bilirubin) သို့မဟုတ် နှစ်မျိုးစလုံး စုပုံသည့်အတွက်ကြောင့်ဖြစ်သည်။သည်းခြေအိတ်သည် အသည်း၏ အောက်ခြေအနားတွင်ရှိသော သေးငယ်သောအိတ်လေးမျှသာဖြစ်ပြီး အစာခြေအဖွဲ့အစည်းအတွက် Bile ဆိုသည့် သည်းခြေရည်ကို ထုတ်ပေးပြီး အစာခြေခြင်းတွင်ကူညီနေသော ကလီစာဖြစ်ပါသည်။သည်းခြေကျောက်တည်ခြင်းကို အဓိကဖြစ်စေသော အကြောင်းအရင်းမှာ သည်းခြေအိတ်အတွင်း ပုံမှန်အတိုင်းရှိရမည့် ကိုလက်စရော အဆီပမာဏသည် ပုံမှန်ထက်ပိုများနေသောကြောင့်ဖြစ်သည်။သည်းခြေကျောက်တည်ခြင်းသည် အဖြစ်များသော ရောဂါတစ်မျိုးလည်း ဖြစ်ပါသည်။ ၁၀ ယောက်တွင် ၁ယောက်ဖြစ်နိုင်ခြေရှိသည်။ သို့သော် သည်းခြေကျောက်ရှိသူတိုင်း ရောဂါလက္ခဏာမပေါ်ဘဲ အနည်းစုသာ လက္ခဏာများပေါ်ပေါက်ပြီး ဆေးသောက်ရ၊ခွဲစိတ်ရသည်အထိ ဖြစ်ပွားနိုင်ပါသည်။
အဖြစ်များသော အုပ်စုများ
- အမျိုးသမီးများ (အမျိုးသားများထက်ပို၍ အဖြစ်များတတ်ပြီး ထိုအထဲမှ ကလေးမွေးထားသော အသက် ၄၀ကျော် အမျိုးသမီးများသည် ပိုပြီးအဖြစ်များသည်)
- အဝလွန်သူများ
လက္ခဏာများ
- သည်းခြေကျောက်သည် သည်းခြေလမ်းကြောင်းကို ပိတ်သွားနိုင်သည့်အတွက် ရုတ်တရက် ဗိုက်ထိုး၍အောင့်ခြင်း
(အထူးသဖြင့် ဗိုက်၏ညာဘက်နံရိုးအောက်နေရာတွင်နာနိုင်ပြီး ဗိုက်၏အခြားနေရာများသို့လည်း ပျံ့နှံ့ ပြီးနာနိုင်ပါသည်)
- ကျောနှင့်ရင် ညှပ်၍အောင့်ခြင်း
- ညာဘက်လက်ပြင်၊ လက်မောင်းများ နာခြင်း
- နာကျင်ခြင်းသည်အစားစားပြီးချိန် အထူးသဖြင့် အဆီပါသော အစာမျိုးစားပြီးလျှင်ပို၍ဆိုးခြင်း
ထိုနာကျင်ခြင်းသည် မည်သည့်အချိန်တွင်မဆိုဖြစ်ပွားနိုင်ပြီး တစ်ခါတစ်ရံ အိပ်နေရင်း နှင့်လည်းအောင့်နိုင်ပါသည်။ အချို့သူများတွင် အောင့်နေချိန်၌ ချေွးစေးများထွက်ခြင်း၊ ပျို့အန်ခြင်းတို့အထိ ဖြစ်ပွားနိုင်ပါသည်။ ထို့ကဲ့သို့ ထိုး၍အောင့်ခြင်း biliary colic သည် အချိန်တိုင်းမဟုတ်ဘဲ လပေါင်းများစွာကြာပြီးမှ တစ်ခါတစ်ခါအောင့်လျှင် စိုးရိမ်ရန်မလိုပေ။
နောက်ဆက်တွဲ ပြဿနာများ
- ရုတ်တရက် သည်းခြေအိတ် ရောင်ရမ်းခြင်း (Acute cholecystitis)
- နာတာရှည် သည်းခြေအိတ် ရောင်ရမ်းခြင်း (Chronic cholecystitis)
- ကျောက်ရှိနေသော သည်းခြေအိတ်အတွင်း အချွဲများနှင့်ပြည်တည်ခြင်း (Mucocoele)
- သည်းခြေအိတ် ပြည်တည်ခြင်း (Empyema)
- သည်းခြေပြွန်တွင် ကျောက်ပိတ်၍ အသားဝါခြင်း (Obstructive jaundice)
- သည်းခြေပြွန် ပိုးဝင်ရောင်ရမ်းခြင်း (Cholangitis)
- သည်းခြေပြွန်နှင့် အသည်းရောင်ရမ်းခြင်း (Cholangiohepatitis)
- အသည်းပြည်တည်ခြင်း (Liver absecess)
- သည်းခြေအိတ် နံရံပေါက်ထွက်၍ အူလမ်းကြောင်းဖြင့် တိုက်ရိုက်ဆက်သွားခြင်း (Chlecystointestinal fistula)
- အူလမ်းကြောင်း ပိတ်ခြင်း (Intestinal obstruction)
- သရက်ရွက် ရောင်ခြင်း (Pancratitis)
- သည်းခြေအိတ်ကင်ဆာ ဖြစ်ခြင်း (Cancer of gall bladder)
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ဗိုက်အောင့်ခြင်းအပြင်
* ချမ်းတုန်၍ အဖျားကြီးခြင်း
* သက်သာသွားခြင်းမရှိဘဲ တောက်လျှောက်အောင့်နေခြင်း
* နှလုံးခုန်မြန်လာခြင်း
* မျက်လုံးဝါ၊ အသားဝါခြင်း
* သည်းခြေအတွင်းတွင်ပါသော bile salt စုပုံသည့်အတွက်အသားယားခြင်း
* ဝမ်းလျှောခြင်း
* အစားအသောက်ပျက်ခြင်း
* သွေးဆိပ်တက်၍ ဂယောင်ချောက်ခြားဖြစ်ခြင်း
စသည့် အထက်ပါလက္ခဏာများ ပေါ်ပေါက်ပါက ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါသည်။
စစ်ဆေးမှုများ
Blood tests- (သွေးစစ်ခြင်း) သွေးစစ်ခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း ရောဂါပိုးရှိမရှိ စစ်ဆေးခြင်း။
Liver function test- အသည်းထိခိုက်မှုရှိမရှိ အသည်းအင်ဇိုင်းများ စစ်ဆေးခြင်း။
USG scan- တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း။
MRI scan- သံလိုက်ဓာတ်မှန် ရိုက်ခြင်း။
CT scan - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း။
Plain X-ray Gall bladder- သည်းခြေအိတ် ဓာတ်မှန်ရိုက်ခြင်း။
ERCP- သည်းခြေပြွန်တွင်း အစာရေမျိုပြွန်မှတဆင့် ပိုက်ထည့်ခါ မှန်ပြောင်းဖြင့်ကြည့်ခြင်း။ (ရောဂါရှာဖွေရန််သာမက ကုသရာတွင်ပါ အသုံးပြုနိုင်ပါသည်)
ကုသခြင်း
သည်းခြေကျောက်အတွက် အပြီးသတ်ပျောက်ကင်းနိုင်သော ဆေးဝါး ကုသမှုမရှိပါ။ ရောဂါလက္ခဏာသက်သာရန်နှင့် ကျောက်ပျော်စေရန် ဆေးသောက်နိုင်ပါသည်။ သို့သော်ပြန်ဖြစ်ရန် အလားအလာရှိပါသည်။ထို့ကြောင့် ကျောက်ဖယ်ရှားရန် နှင့် အပြီးတိုင်သက်သာရန်မှာ ခွဲစိတ်ခြင်းနည်းလမ်းဖြစ်ပါသည်။ သည်းခြေအိတ်အတွင်းကျောက်ရှိနေသော်လည်း ရောဂါလက္ခဏာမပေါ်ပါက ကုသရန်မလိုပါ။ *Extracorporeal shockwave lithotripsy- ခွဲစိတ်စရာမလိုဘဲ ခန္ဓာကိုယ်ပြင်ပမှ ကျောက်ခြေခြင်း။ ERCP နှင့်တွဲ၍ကုသခြင်းဖြစ်ပါသည်။ ထိုကုသမှုအပြီးတွင် ညာဘက်နံရိုးအောက် ဗိုက်နေရာတွင် နာကျင်ခြင်းကို ခံစားရနိုင်ပါသည်။ သို့သော် ကျောက်ခြေစက်ဖြင့် သေးငယ်သောအပိုင်းအစများ ဖြစ်အောင်ချေဖျက်နိုင်သည့်အတွက် သည်းခြေပြွန်လမ်းကြောင်းတွင်ပိတ်ဆို့ခြင်းမဖြစ်နိုင်ပါ။
*Dissolving stones- ကျောက်ပျော်ဆေးသောက်ခြင်း
ထိုကုသမှုသည် လနှင့် နှစ်နှင့်ချီ၍ကြာမြင့်နိုင်ပါသည်။ ကုသပြီးလျှင်လည်း ပြန်ဖြစ်နိုင်သောအလားအလာရှိပါသည်။ သည်းခြေအိတ်တွင်းဖြစ်တတ်သော ကျောက်အမျိုးအစားများထဲတွင် အဆီကျောက်ဖြစ်မှသောက်၍ရပါမည်။သည်းခြေကျောက်အရွယ်အစား ၂ ဒသမ ၅အရွယ်အောက်ဖြစ်ရပါမည်။ ရောဂါလက္ခဏာ မပြင်းထန်သူဖြစ်ရပါမည်။ ခွဲစိတ်မည့်ဒဏ်ကိုမခံနိုင်သူ (သို့) ခွဲစိတ်၍မသင့်တော်သောသူများသာ သောက်သုံးသင့်ပါသည်။ဆေးသောက်သည့် လူအများစုတွင် ဝမ်းလျှောခြင်းကိုခံစားရနို်င်ပါသည်။
*ခွဲစိတ်ကုသခြင်း။
Open Cholecystectomy- ဗိုက်ခွဲ၍ သမာရိုးကျခွဲစိတ်ကုသခြင်းနှင့်
Laproscopic cholecystectomy- ဗိုက်တွင်အပေါက်ငယ်လေးများဖောက်၍ ခွဲစိတ်ခြင်း။
ကာကွယ်ခြင်း
အဆီလျော့စားပါ။အစားအစာကိုသင့်တင့်မျှတအောင်စားပါ။ကို်ယ်အလေးချိန်အလွန်အမင်းမလျော့ပါနှင့်။ အလွန်လျော့လိုက်ခြင်းအားဖြင့် သည်းခြေကျောက်ကြီးထွားခြင်းကိုပို၍ဆိုးနိုင်ပါသည်။လေ့လာချက်များအရ ထို့သို့ ကာကွယ်ခြင်းဖြင့် ရောဂါလက္ခဏာများသက်သာနိုင်သော်လည်း ကျောက်ဖြစ်ပေါ်ခြင်းကို မကာကွယ်နိုင်ပါ။
Ref: NHS choices, UK
emedicinehealth.com